Friday, December 04, 2009

ကိုရီးယားခရီးစဉ် Day 2 Part 2 / ကိုရီးယား ရိုးရာ ကျေးရွာသို့ တစ်ခေါက်...

ကျန်းမာတော် မူကြပါစရှင်...

တစ်ခါတစ်လေမှ ပေါ်လာလိုက် ပျောက်လိုက်ဖြစ်နေသော ကျမရဲ့ ကိုရီးယား ခရီးသွားမှတ်တမ်းလေး ပြန်ပေါ်လာပြန်ပါပြီ... ဒီတစ်ခေါက်လဲ ဒုတိယနေ့ကို အပြီးသတ်မယ်စိတ်ကူးသော်လည်း ဗွီဒီယို သိပ်ရှည်သွားမည် တစ်ကြောင်း... ဒိထက်ဆက်ပြီး ရှည်ရှည်လုပ်မယ်ဆိုရင် ဒီပိုစ့်က ပိုကြာသွားမှာက တစ်ကြောင်းကြောင့် ကိုရီးယား ရိုးရာ ကျေးရွာလည်ပတ်မှုကိုပဲ တင်ဆက်လိုက်ပါတယ်...

ရှေ့က အပိုင်းမှာ ကျမတို့ နေ့လည်စာစားပြီးတဲ့ အချိန်မှာ အဆုံးသတ်ထားပါတယ်... ပထမပိုစ့်ကို ကိုရီးယားခရီးစဉ် Day 2 မှာ သွားရောက်ဖတ်ရှုရင်း ဗွီဒီယိုလဲ ကြည့်နိုင်ပါတယ်... အရင်ပိုစ့်ဖတ်ပြီးသား စာဖတ်သူများအတွက် အတိုချုံးပြန်လည်မှတ်မိစေရန် အဓိကအချက်လေးများထုတ်ပေးလိုက်ပါတယ်... (အရင်ပိုစ့်က လွန်ခဲ့တဲ့ ၄လကရေးခဲ့တော့ အရမ်းအဆက်ပြတ်နေလို့... အဆက်အစပ် မသိမှာ စိုး၍ဖြစ်ပါတယ်...)
၁) မနက်စာစား
၂) Songsan Sunrise Peak မှာ တောင်တက်
၃) Seop Ji Ko Ji Coast (All In Drama Place) ကိုသွား
၎) နေ့လည်စာ ကိုရီးယားစတိုင် ၀က်သားဟင်းနဲ့စား...

ခုဒီပိုစ့်မှာတော့ နေ့လည်စာစားပြီး သွားခဲ့တဲ့ ကိုရီးယားရိုးရာ ကျေးရွာအကြောင်းရေးမှာဖြစ်ပါတယ်... ဗွီဒီယိုလေးကို အရင် ရှုစားကြပါ...



ကျမတို့ရဲ့ ဂိုက်ဟာ နေ့လည်စာစားဖို့ စားသောက်ဆိုင်ကို နောက်သွားမဲ့ နေရာနဲ့ နီးတဲ့နေရာမှာ အစတည်းက ပြင်ဆင်ခဲ့တဲ့အတွက် နေ့လည်စာစားသောက်ဆိုင်ကနေ ကားသိပ်ကြာကြာမစီးလိုက်ရပဲ အဲဒိ ကိုရီးယား ရိုးရာ ကျေးရွာကို ရောက်ရှိခဲ့ပါတယ်...

ဟိုရောက်တော့ ဖော်ရွေတဲ့ အဲဒိရွာခံ ကိုရီးယားမိန်းမကြီး တစ်ယောက်ကိုထပ်တွေ့ပါတယ်... သူက သူတို့ရွာဓလေ့ကို ကိုရီးယားလိုပြောပြီး ကျမတို့ ဂိုက်က အင်္ဂလိပ်လို ဘာသာပြန်ပေးပါတယ်... ကိုယ်မြန်မာပြည်မှာ ခရီးသွားရင်လဲရွာဆိုတာတွေ မြင်ဖူးတွေ့ဖူးနေကျဆိုတော့ ကျမတို့အတွက် သိပ်တော့ အထူးအဆန်းမဟုတ်လှပါဘူး... အဓိက ကတော့ သူတို့လူမျိုးရဲ့ ရိုးရာ ယဉ်ကျေးမှု နေထိုင်မှုပုံစံကိုတော့ လေ့လာနှိုင်းယှဉ်ကြည့်ဖို့ရလို့ ဗဟုသုတတော့ရပါတယ်... ရွာမရှိတဲ့ နိုင်ငံကလာတဲ့ စလုံးတွေအတွက်တော့ ဆန်းတန် ဆန်းမှာပေါ့နော်...
 

ဂျဲဂျူးက စကားပြောသော ဂိတ်များ...

တွေ့တွေ့ချင်း ကိုရီးယားလို့ တရုတ်လို နှုတ်ဆက်ကြပြီး ရွာအ၀င်ဝမှာရှိတဲ့ သူတို့ရဲ့ ခြံဂိတ်ပေါက်မှာ သူတို့အချင်းချင်း ပြသတဲ့ သင်္ကေတလေးကို ရှင်းပြပါတယ်... ဗွီဒီယိုထဲမှာ ပါတဲ့အတိုင်းပါပဲ... သူတို့ရဲ့ ခြံဂိတ်ပေါက်ဟာ ဘေးက အပေါက်ဖောက်ထားတဲ့ ကျောက်တုံး ၂တုံး တစ်ဖက်တစ်ချက်စီထဲကို ၀ါးလုံးလေးတွေထိုးပြီး ကာထားတာပါ...
ဝါးလုံး ၁ချောင်းတည်း တန်းပြီးကာထားရင်... အိမ်ရှင် အပြင်ခဏသွားတယ်ဆိုတဲ့ အဓိပ္ပါယ်ပါတဲ့...
ဝါးလုံး ၂ချောင်း တန်းပြီး ကာထားရင်... အိမ်ရှင် တစ်နေကုန် အိမ်တွင်မရှိဆိုတဲ့ အဓိပ္ပါယ်ပါတဲ့...
ဝါးလုံး ၃ချောင်း တန်းပြီး ကာထားရင်... အိမ်ရှင် ၃ရက်အိမ်တွင်မရှိပါဆိုတဲ့ အဓိပ္ပါယ်ပါတဲ့...
ဝါးလုံး ၄ချောင်း တန်းပြီး ကာထားရင်တော့... အဲဒိအိမ်ဟာ မုဆိုးမ(ယောကျာင်္းဆုံးထားသော အိမ်ရှင်မ) နေတဲ့အိမ်ပါတဲ့...
အဲဒိ အိမ်ထဲကို ခွင့်ပြုချက်မရပဲ ကျော်ဝင်တဲ့ ယောကျာင်္းက အဲဒိ အိမ်မှာ အမြဲနေရန် ရည်ရွယ်တယ်လို့ သတ်မှတ်ပါတယ်တဲ့...
ဝါးလုံးချောင်းတွေကို အပေါက်ထဲထည့်ပြီး တန်းမထားပဲ ချထားတယ်ဆိုရင်တော့ အိမ်ရှင်အိမ်မှာရှိတဲ့အတွက် ၀င်ထွက်နိုင်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ...

ကျေးရွာကို မရောက်ခင် ကားပေါ်မှာ ဂိုက်ပြောပြချက်အရ ဂျဲဂျူးကျွန်း အရင်ကလူဦးရေမှာ မိန်းမအရေအတွက်ဟာ ယောကျာင်္းထက်ပိုများတဲ့လို့ သိရှိရပါတယ်... ဘာလို့လဲဆိုတော့ အရင်က ဂျဲဂျူးကျွန်းရဲ့ စီးပွားရေးဟာ တံငါအလုပ်ပါ... ယောကျာင်္းတွေဟာ ပင်လယ်ထဲကို ငါးဖမ်းထွက်ရတဲ့အတွက် အသေစောကြတယ်လို့ သိရပါတယ်... အဲဒိအတွက် ဂျဲဂျူးကျွန်းဟာ မုဆိုးမအရေအတွက်လဲ များတယ်လို့သိရပါတယ်... (ဒါက ဗွီဒီယိုထဲမှာ မပါလိုက်လို့ ဒီမှာ ဗဟုသုတအနေနဲ့ ရေးပေးလိုက်ပါတယ်...)

အဲဒိ ဂိတ်ပေါက်က ၀ါးလုံးတန်းတွေက အိမ်ရှင်ရှိမရှိကို အချက်ပြနေတယ်ဆိုတော့... ကျမခေါင်းထဲကို အတွေးတစ်ခုရောက်လာပါတယ်... အားလုံးလဲ အဲလိုတွေးမိမယ်ဆိုတာ သေချာပါတယ်... အဲဒါကတော့ သူခိုးကို အချက်ပြနေသလိုဖြစ်မနေပေဘူးလားပေါ့... အဲဒိအတွက်ကိုလဲ ဂိုက်က ကားပေါ်မှာတည်းက စကားခံထားခဲ့ပါတယ်... သူတို့ ဂျဲဂျူးကျွန်းပေါ်မှာ မရှိတာ ၃မျိုးရှိပါတယ်တဲ့...
၁) သူတောင်းစား မရှိပါဘူး
၂) သူခိုးမရှိပါဘူး
၃) အဲဒါက မေ့သွားပြီ... အဟီး... အဲဒါပြောတုန်းက ဗွီဒီယို မရိုက်လိုက်မိတော့ ခု ပြန်ကြည့်စရာမရှိတော့ဘူး... (ဒါက စာဖတ်သူသိချင်ရင် ကိုရီးယားသွားပြီး လေ့လာဖို့ အကွက်ချန်ထားတာလို့မှတ်... ဟိဟိ)

ဒါပေမဲ့ သူမကိုယ်တိုင်နောက်တော့ စကားထပ်ခံပါသေးတယ်... အဲဒါတွေ မရှိဘူးဆိုပြီး ကိုယ့်ပစ္စည်းကိုယ်တော့ လက်လွှတ်စပါယ်မနေနဲ့ပေါ့တဲ့... အရင်ကမရှိတာကိုပြောတာတဲ့... ခု ရှိမရှိဆိုတာတော့ အာမ မခံနိုင်ဘူးတဲ့... (ဒါပေမဲ့ သူပြောမှ ကျမသတိထားကြည့်မိတော့... တကယ်ပါ ဂျဲဂျူးကျွန်းပေါ်မှာ ကျမ သူတောင်းစားတစ်ယောက်မှ မတွေ့မိပါဘူး... အဲ... အဲဒိ သူတောင်းစားရှိတဲ့ ဒုက္ခကို ရှန်ဟိုင်းရောက်တော့ အတော်ခံခဲ့ရသေး... နောက်မှပြောမယ် မျှော်...)
 

ဂျဲဂျူးရိုးရာ အိမ်သာ

နောက်အတွင်းထဲဆက်ဝင်သွားတော့ အနံ့ခက်ဆိုးဆိုးနေရာတစ်ခုမှာ ဂိုက်က ဒါကတော့ ဂျဲဂျူးရိုးရာအိမ်သာပါတဲ့... ၀က်ခြံစည်းရိုးကို ကျောက်ခဲကြီးတွေနဲ့ဆောက်ထားပြီး အမိုးအကာမရှိပါဘူး... အဲဒိအိမ်သာကျင်းကတော့ ၀က်စားကျင်းပါပဲ... ရွာခံမိန်းမကြီးက အဲဒိ အိမ်သာပေါ်တက်ပြီး သရုပ်ဖော်ပြပါတယ်...

ထိုအိမ်သာအသုံးပြုတဲ့အခါမှာ အသုံးပြုသူဟာ ဒုတ်တစ်ချောင်းကိုင်ထားရပါတယ်... ဘာလို့လဲဆိုတော့ ၀က်က အောက်ကနေလာပြီး ကိုက်တတ်လို့ပါတဲ့... ဒီတော့ ၀က်ကို အနားကပ်မလာအောင် ဒုတ်နဲ့ရိုက်ပြီး မောင်းထုတ်ဖို့ပါတဲ့... ကျမလဲ ရှည်ရှည်ဝေးဝေးအသေးစိတ်တွေမေးမနေတော့ပါဘူး... ကိစ္စပြီးရင် ဘယ်လိုသန့်စင်လဲတို့ အမိုးအကာမရှိတော့ တခြားသူတွေ မြင်ကုန်မှာပေါ့တို့ တွေးမိပင်မဲ့ အနံ့အသက်ကလဲဆိုးတာတစ်ကြောင်း မေးလဲ ဘာမှ အကြောင်းမထူးပါဘူး သူတို့ဘာသာ ကြည့်ကြပ်ဖြေရှင်းကြမှာပေါ့လို့ပဲ မှတ်ယူလိုက်ပါတယ်... နောက်တစ်ခုတွေးမိတာက ခုထက်ထိအဲဒိအိမ်သာက အနံ့နံနေတယ်ဆိုတော့ သူတို့တွေဒီအိမ်သာကို ပြသရုံသက်သက်မဟုတ်ပဲ တကယ်ပဲသုံးနေကြလို့ပေါ့ဆိုတော့ စိတ်ထဲမတော့ တမျိုးဖြစ်သွားပါသေးတယ်...

လူရဲ့ မစင်ကို ၀က်စာအဖြစ်ပြန်လည်အသုံးပြုတယ်ဆိုတဲ့ အကြောင်းကို စလုံးတွေသိတော့ မျက်နှာတွေ ရှုံ့မဲ့နေကြတာပါပဲ... (စောစောက နေ့လည်စာ ၀က်သားနဲ့စားတုံးကတော့ သူတို့ဝိုင်းရှိတာ ငါတို့ဝိုင်းမှာဘာလို့မရှိတာလဲဆိုပြီး ဟိုဝိုင်းစပ်စု ဒီဝိုင်းစပ်စုနဲ့ အပိုလေး Free လေး လိုချင်လှတဲ့ စလုံးတွေ ခုတော့ အစာတောင်ကြေပါ့မလားသိဘူး... ) ကျမကတော့ ၀က်ဆိုတာ အစုံစားသတ္တ၀ါ မစင်လဲစားတယ်ဆိုတာသိပင်မဲ့ ယခုလို လူတွေကိုယ်တိုင်က မစင်ကျွေးပြီးမွေးတယ်ဆိုတာတော့ မကြုံခဲ့ဖူးပါဘူး... ဒါပေမဲ့လဲ ဘယ်ပိုးမဆိုတော့ အပူချိန်ပြင်းပြင်းနဲ့တွေ့ရင် သေတယ်လို့ကြားဖူးတာပဲ... ပြီးတော့ ၀က်ကို မချက်ခင်လဲ ဆေးကြောထားတာပဲ... နောက်ဆုံးကုန်ကုန်စဉ်းစားရင် ဘယ်အရာမဆိုတော့ ဓာတ်လေးပါးပါပဲ... စားခဲ့တဲ့ ၀က်သား ထပ်စားအုံးမလားဆိုရင်တော့ EVER YES ပါပဲ... (ခုတောင် စားချင်လာပြီ)

ဟို စလုံး ပေါင်တိုတို့အတွဲက (တစ်ဦးချင်းစီ Nickname များအကြောင်းကို ကျမနဲ့ ခရီးသွားဖော်များ တွင်ဖတ်ပါ) ယောကျာင်္းက ရွံရွံရှာရှာဖြင့် စကားလုံးတောင် ဖြောင့်ဖြောင့်မထွက်ပဲ အမှန်ကို လက်မခံနိုင်သေးသည့်ပုံဖြင့် သေချာအောင် ထပ်မေးရှာသည်... (စိတ်ထဲမတော့ ငါထင်တာ မဟုတ်ပါစေနဲ့ပေါ့) ဒါပေမဲ့ ဂိုက်မိန်းမက Natural Fertilizer လို့ပြန်ဖြေလို့ပြန်ဖြေလိုက်တော့ အတော်လေးကို အောင့်သက်သက်နဲ့ဖြစ်သွားပုံရပါတယ်... ဗွီဒီယိုထဲမှာတွေ့တဲ့အတိုင်းပဲ ဘာမှတောင် ပြန်မပြောနိုင်ခဲ့ပါဘူး... (သူက သိပ်ပြီး High Class style ဖမ်းတာဆိုတော့ ခုတော့ အစောက ၀က်သားဘယ်ကလာဆိုတာ သိသွားရှာပြီလေ... ၀က်သားဟင်းစားတုန်းက သူတို့အတွဲ ကျမဘေးမှာထိုင်တာလေ... အဲ့လူလဲ တီးသလားမမေးနဲ့... ခွိ... ခွိ... အဲ့ လူနဲ့များ မတော်တဆ သိတဲ့သူများ ဖတ်မိမယ်ဆိုရင် ပြန်မပြောနဲ့နော်...)

ကိုရီးယားလို ရေခပ်ဆင်းရင်း ကလေးထိမ်းမယ်...

နောက်တစ်နေရာမှာတော့ သူတို့ ကိုရီးယားတွေ ကလေးထည့်ပြီး သိပ်တဲ့တောင်းရယ်... ရေခပ်ဆင်းရင်သုံးတဲ့ အိုးရယ်ပြပါတယ်... ရွာခံမိန်းမကြီးက သရုပ်ဖော်ပြပါတယ်... သိပ်တော့ ထူးထူးဆန်းဆန်းမရှိလှဘူးလို့တော့ ကျမထင်တာပဲ... အဲဒိရေအိုးကြီးထမ်းပြီး ကိုယ်လက်လှုပ်ရှားမှုရှိတော့ အမျိုးသမီးကိုယ်ဝန်သည်တွေအတွက် ကလေးမွေးဖွားမှုလွယ်ကူတယ်လို့ ပြောပါတယ်... အဲဒိရေအိုးကြီးကို ပုတ်ပုတ်ပြီး ကိုရီးယားကျေးလက်တေးလေးတွေလဲ ဆိုလို့ရတယ်ပြောလို့ စလုံးဖွားဖွားတို့ တောင်းဆိုချက်အရ သီချင်းဆိုပြပါသေးတယ်...

နှစ်နဲ့ချည်နှပ်တဲ့ Tea

နောက်တစ်နေရာမှာတော့ သူတို့ကိုယ်တိုင် ပျားရည်ရယ် တခြားအရာတွေရယ် Tea ရယ် နှစ်နဲ့ချည်နှပ်ထားတဲ့ စဉ်းအိုးကြီးတွေဆီကို ခေါ်သွားပါတယ်... စဉ့်အိုးတွေက မြေကြီးထဲမြုပ်ထားပါတယ်... ရောစပ်မှု ပစ္စည်းတွေပေါ်မူတည်ပြီး အနံ့အရသာကွဲလွဲအောင် စီမံထားတယ်လို့ သိရပါတယ်... စဉ့်အိုးထဲကို ရောမွှေပြီးထည့်ထားတာမဟုတ်ပဲ အလွှာလိုက် အထပ်ထပ်ထည့်ထားတယ်လို့ပြောပါတယ်... (ဘာရည်ရွယ်ချက်နဲ့ ဘာကွာလဲတော့ မသိပါ) အဲဒိ Tea တွေကို အဲဒိ စဉ့်အိုးထဲမှာ ၃ နှစ်က ၅ နှစ် နှပ်ထားတယ်လို့သိရှိရပါတယ်...

ဘယ်လို အနံ့ရှိလဲ ကျမ နမ်းကြည့်တော့ အနံ့က အတော်လေးပြင်းပါတယ်... အစတည်းက အနံ့ကို Sensitive ဖြစ်တဲ့ ကျမအတွက်တော့ အတော်မခံနိုင်ပါဘူး... ပြီးတော့ ကျမက ပျားရည်လဲမကြိုက်သလို ပျားရည်နံ့ကိုလဲ မကြိုက်ပါဘူး... အဲဒါကြောင့်ဖြစ်ပါလိမ့်မယ်...

ကျေးလက်အိမ်နေ လူတန်းစားနဲ့ ကိုရီးယား အစိုးရ

နောက်တစ်နေရာကတော့ ကိုရီးယား ကျေးလက်အိမ်ဖြစ်ပါတယ်... ပျဉ်ထောင်အိမ်လေးပါ... မြန်မာပြည်က ကျေးလက်အိမ်လေးတွေလိုပါပဲ... သက်တောင့်သက်သာနဲ့ စိတ်ပေါ့ပါးစေတဲ့ ပုံစံမျိုးလေးပါ... အိမ်ရှေ့မှာ အဖီကြမ်းခင်းလေးနဲ့ ညဘက် ၀ိုင်းဖွဲ့ လက်ဖက်သုတ်စားကောင်းမဲ့ပုံလေးလို့ ကျမကတော့ တွေးမိတာပဲ... ကျမတို့ကို လိုက်ရှင်းပြနေတဲ့ ရွာခံမိန်းမကြီးရဲ့ အိမ်ပဲဖြစ်ပါတယ်... သူက ရွာသူကြီးမိန်းမလဲဖြစ်ပါတယ်...

အမှန်တော့ ဒီလိုကျေးလက်ရိုးရာနဲ့ ကျေးလက်အိမ်မှာနေပြီး ရိုးရာထိမ်းသိမ်းရုံဖြင့် ကိုရီးယားအစိုးရက သူတို့ကို လခပေးထောက်ပံ့ထားပါတယ်... (အိမ်မှာနေရုံနဲ့ ပိုက်ပိုက်ရတယ်... နိပ်ဟ...) ကိုယ့်ရိုးရာကို ပျောက်ပျက်မသွားအောင် ယခုလို ၂ဦး၂ဖက် အကျိုးရှိတဲ့ နည်းနဲ့ထိမ်းသိမ်းတဲ့အတွက် ဒီစနစ်ကိုတော့ သဘောကျမိပါတယ်... မိန်းမကြီးရဲ့ ကလေးတွေကတော့ မြို့တွေပေါ်မှာ သွားရောက် ပညာသင်ကြားနေကြပါတယ်...

ဆက်လက်ပြီးတော့ ကျမတို့ကို ပြသတာကတော့ ဆောင်းတွင်းမှာ အိမ်ကို ဘယ်လိုအပူပေးတယ်ဆိုတာပါ... အဲဒါက ကိုရီးယားကားတွေထဲမှာ မြင်ဘူးတာကတစ်ကြောင်း... စလုံးက အတ္တပုံဆောင်ခဲဖွားဖွားများက သူ့ထက်ငါ လုယက်ကာ ကြည့်ရှုနေကြတော့ မတိုးချင်တော့တာက တစ်ကြောင်း... လူလဲ အနည်းငယ်ပင်ပန်းလာတဲ့အတွက် စိတ်ဝင်စားမှုသိပ်မရှိတော့တာက တစ်ကြောင်းကြောင့် အသေးစိတ်တော့ နားမထောင်ဖြစ်ခဲ့ပါဘူး...

နောက်တော့ ကိုရီးယားရိုးရာ နောက်ဖေးမီးဖိုချောင် ထင်းနဲ့ပဲ ချက်ပြုတ်တုန်းပါ... မြေကြီးမီးဖိုထဲကို အိုးအကြီးကြီးတွေ မြုပ်ပြီး ထင်းနဲ့ချက်တာပါ... အိုးကြီးချက်ဆိုတော့ အတော်တော့ စားကောင်းမဲ့ပုံပဲ... အဲလို နောက်ဖေးတွေကိုလဲ ကိုရီးယားကားတွေထဲမှာ တွေ့ဖူးမှာပါ... (ဥပမာ... မြန်မာပြည်မှာပြသွားတဲ့ နန်းတွင်းရတနာလား ဘာလား... Dae Jang Geum ကိုပြောတာ)

နောက်ဆုံးနေရာကတော့ ပိုက်ဆံလေးတွေ မျက်ခုံးလှုပ်တဲ့နေရာပေါ့... သူတို့ကျေးရွာထုတ် ပစ္စည်းတွေပေါ့... သဘာဝပစ္စည်းစစ်စစ်လို့တော့ ပြောတာပါပဲ... ပျားရည်တို့... ဆေးတို့... အရိုးရောဂါအတွက် မြင်းရိုးစစ်စစ်နဲ့ လုပ်တဲ့ ဆေးလို့ပြောတာလဲရောင်းပါတယ်... အမြဲမရဘူး ရှားပါးလို့ပြောတာပါပဲ... ဒါပေမဲ့ မေမေကပြောပါတယ်... မြင်းနဲ့ ပတ်သတ်တာတစ်ခုခုကို စားရင် မိန်းကလေးတွေအတွက် နောင်တစ်ချိန် ကိုယ်ဝန်ဆောင်ရင် မကောင်းဘူးလို့ပြောတာပါပဲ... ပျားရည်ကလဲ မြန်မာပြည်မှာလဲ စစ်စစ်ရနိုင်ပါတယ်... ဒိထက်တောင် ဈေးပေါပါအုံးမယ်... ပြီးတော့ အိမ်မှာလဲ ပျားရည်ကြိုက်တဲ့သူ ဒီလောက်မရှိပါဘူး... Tea ကလဲ ဈေးကြီးလွန်းပါတယ်... စကာင်္ပူလို ၁ဒေါ်လာ ၂ဒေါ်လာ သုံးတဲ့ နိုင်ငံကနေလာပြီး ကိုရီးယားရောက်တော့ နောက်က သုညပေါင်းများစွာကို မရင်းနှီးဘူးဖြစ်နေတော့ တစ်ခါတစ်ခါဈေးပြောရင် နည်းနည်း စဉ်းစားရပါတယ်... ပြီးတော့မှ စကာင်္ပူနဲ့ ပြန်တွက်ပြီး ကြည့်ရပါသေးတယ်...

အဲဒိနောက်တော့ အားလုံးနှုတ်ဆက်ပြီး နောက်တစ်နေရာကို ခရီးဆက်ခဲ့ကြပါတော့တယ်...

ဗွီဒီယိုနှင့် ပတ်သတ်၍...

ဒီဗွီဒီယိုကို ကြာရတဲ့ အကြောင်းရင်းကတော့ အရင် ဗွီဒီယိုတွေမှာ မပါဖူးခဲ့တဲ့ နောက်ခံစကားပြောကို စမ်းကြည့်ချင်ခဲ့လို့ပဲဖြစ်ပါတယ်... ဒါပေမဲ့ တကယ်တမ်းပြောဆိုတော့ ထင်သလောက်မလွယ်ခဲ့ပါဘူး... အထူးသဖြင့် အစပိုင်းက လျှော့တွက်ပြီး လက်တမ်းပြောတော့မှ စကားလုံးတွေ ထစ်အပြီး ပြောချင်တာ ပျောက်ပျောက်သွားလို့ လက်လျော့ပြီး မလုပ်ဖြစ်ပဲ ချောင်ထိုးထားလိုက်နဲ့ ၄ လကြာသွားတာပါပဲ... ဒါပေမဲ့လဲ အရင် ဗွီဒီယိုတွေလိုပဲ သီချင်းထည့်ပြီးလုပ်လိုက်ဖို့ကျတော့လဲ ကိုယ့်ကိုကိုယ် ဘ၀င်မကျပါဘူး... ငါ နောက်ခံစကားပြောကို ရအောင် ကြိုးစားမယ် ဖြစ်အောင်လုပ်မယ် မရရင် မလုပ်သေးဘူးဟာလို့ စိတ်ကဖြစ်နေတော့ မလုပ်ဖြစ်တာပါ...

အဲလို နောက်ခံပြောကြည့်တော့လဲ ကိုယ့်အသံက အူကြောင်ကြောင်နိုင်နေသလို ခံစားရတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုက မရှိဖြစ်နေပါတယ်... ဒီကြားထဲ ကိုယ့်ကွန်ပြူတာက ပျက်တော့ မလုပ်ဖြစ်ပြန်ပါဘူး... ခုတော့ ကျမအစ်မရဲ့ Desktop မှာငှားပြီး လုပ်ရတဲ့ ဘ၀ပါ... သူ့စက်က ကျမစက်လောက်မမြန်တော့ စိတ်ကမရှည်လို့ မလုပ်မလုပ်နဲ့ ခုတော့ ကျမခရီးမသွားခင်လေး Day 2 လေး အပြီးလုပ်ချင်တဲ့ ဆန္ဒတော့ရှိပါတယ်...

သီချင်းရွေးချယ်မှုမှာတော့ ကျမနှစ်သက်တဲ့တီးလုံးလေးဖြစ်တဲ့ Alexander The Great (အဲဒိ နာမည်မှန်မမှန်တော့ မသိဘူး ကျမ mp3 ထဲမှာတော့ အဲလိုပဲ မှတ်ထားတယ်...) အဲဒိတီးလုံးလေးဟာ ကျေးလက်တောရွာအသံမျိုးလေးပါသလို စိတ်ကိုရွှင်ပြစေတဲ့လို့ ခံစားရလို့ ကျမနှစ်သက်တာပါ... နောက်ဆုံးမှာတော့ Mission Impossible ဇာတ်ကားတီးလုံးနဲ့ အဆုံးသတ်ထားပါတယ်... အဲဒိ တီးလုံးလေးကလဲ ဘယ်အချိန်နားထောင်ထောင် မြူးတဲ့ တီးလုံးလေးပါ...

ဗွီဒီယို ပြီးခါနီးမှာ ကျမပျားရည်ရေနွေးချမ်းသောက်ပြီး ပြောလိုက်တဲ့စကားမှာတော့ Formal မသုံးနှုန်းပဲ "ငါ" လို့သုံးနှုန်းထားပါတယ်... အမှန်တော့ အဲဒိဗွီဒီယိုကို အစက ယခုလို နေ့စဉ်သွားထားတာကို အက်ဒစ်လုပ်ပြီး ဘလော့ပေါ်တင်ဖို့ မရည်ရွယ်ခဲ့ပါဘူး... မိသားစုကြည့်မယ် သူငယ်ချင်းတွေပြရုံသက်သက်ပါ... ဒီတော့ ကျမအစ်မတွေ ကျမသူငယ်ချင်းတွေကို စကားပြောတဲ့ အတိုင်း "ငါ" လို့သုံးနှုန်းထားခြင်းဖြစ်ပါတယ်...

ကျမ ဒီဗွီဒီယိုကို ပြုလုပ်ပြီးတာ ၂ ရက်ရှိပါပြီ... ပထမ Youtube ပေါ်တင်ပြီး ဘလော့ပိုစ့်ရေးပြီးရင် ဘလော့မှာတင်မလို့ပါ... နောက်တော့ ကျမအစ်မနဲ့ သူငယ်ချင်းတစ်ချို့ဆီက အကြံပေးချက်နဲ့ ဝေဖန်ချက်တွေအရ ပြင်သင့်တာလေးတွေ ပြန်ပြင်ပြီး Youtube မှာ ထပ်တင် အရင်ဟာ ပြန်ဖျက်နဲ့ ခုလို နောက်ကျသွားတာပါ...
သူတို့ရဲ့ ဝေဖန်ချက်တွေကတော့ စာတမ်းထိုး အရောင်ကို အရင်က တချို့နေရာတွေ အစိမ်းလုပ်ထားတော့ ကောင်းကောင်းမမြင်ရပါဘူးတဲ့... ခုတော့ ကျမ အဖြူရောင်ကို ပြန်ပြောင်းလိုက်တော့ မြင်ရမယ်ထင်ပါတယ်...

နောက်ပြီး စာတမ်းက အင်္ဂလိပ်လိုထိုးလိုက် မြန်မာလိုထိုးလိုက်နဲ့တဲ့... အဲဒါကတော့ အကြောင်းပြချက်ရှိပါတယ်...
ကျမတို့ ဂိုက်က အင်္ဂလိပ်လိုပြောတဲ့ အချိန်မှာ မြန်မာစာတမ်းထိုးချင်းဖြင့်... Internationally ရော... မြန်မာတိုင်းရော နားလည်နိုင်ပါတယ်... တချို့နေရာတွေမှာတော့ တီးလုံးပဲထည့်ထားတဲနေရာတွေမှာတော့ အားလုံးနားလည်အောင် အင်္ဂလိပ်လိုရေးလိုက်တာပါ...

Tea လုပ်တဲ့နေရာမှာတော့ ပထမတစ်ကြောင်းကိုပဲ အကျဉ်းချုံး အင်္ဂလိပ်လိုရှင်းပြလိုက်ပြီး... နောက်ပိုင်းမှာ မြန်မာလိုပဲရေးထားတာကတော့ အဓိက ကျမပြချင်တာက မြန်မာတွေဖြစ်ပြီး... (ကိုယ့်ကိုကိုယ်သိပ်တော်တယ်လို့ မပြောပါ) သို့သော် တချို့သော အင်္ဂလိပ်စာ အားနည်းသူများအတွက် မြန်မာလိုရှင်းပြတာ ပိုအဆင်ပြေမည်ထင်သောကြောင့် မြန်မာလိုရေးထားခြင်းဖြစ်ပါတယ်...

သီချင်းကြိုက်ပြီး တီးလုံးကိုမကြိုက်တဲ့ သူများအတွက်တော့ ဒီဗွီဒီယိုက အနည်းငယ် ပျင်းစရာကောင်းချင် ကောင်းနေပါလိမ့်မယ်... ဒါပေမဲ့ ကျမ ဒီတစ်ခေါက်လုပ်ချင်တဲ့ ဗွီဒီယိုက Travel Documentary လိုပုံစံမျိုးပိုဆန်တဲ့အတွက် ယခုလို ဗဟုသုတရမဲ့ စကားပြောခန်းများများထည့်ပြီး သီချင်းကို လျှော့ထားခြင်းဖြစ်ပါတယ်... Travel Documentary စစ်စစ် အဆင့်ကို မမှီသေးပင်မဲ့ အကောင်းဆုံးကြိုးစားထားပါတယ်...

အားလုံးပဲ သဘောကျမယ်လို့ မျှော်လင့်ပါတယ်... ကျေးဇူးတင်ပါတယ်ရှင်...

Sunday, November 29, 2009

စကာင်္ပူရောက် အလွဲများ ၉ (သို့) ရင်ခုန်ရ လွန်းလို့


တစ်ခါတစ်လေ အလုပ်မသွားချင်တဲ့ ရက်တွေ ဒါမှမဟုတ် တခြားလုပ်စရာရှိတဲ့ ရက်တွေ... ဒါပေမဲ့ ကိုယ့် ခွင့်ရက်ကလဲ မလောက်ဖြစ်နေရင် MC (medical Certificate so called Sick leave) ယူလေ့ရှိကြမှာပါ... မဗေဒါအတွက်တော့ MC ယူလို့ ကိုယ့်ခွင့်ရက်တွေ မရော့သွားတာကို ကြိုက်ပင်မဲ့ တစ်ခါတစ်ခါ ယူလို့ ဆရာဝန်ရှေ့မှာ မရှိတဲ့ရောဂါကို အရှိလုပ်ပြီး လိမ်ရမှာကတော့ အတော်ခက်ခဲတဲ့ကိစ္စပါ... ခေါင်းကိုက်တယ်.. ခေါင်းမူးတယ်... ဗိုက်အောင့်တယ်... ၀မ်းလျှောတယ်ဆိုတာတွေက MC ရောဂါလို့ပြောရလောက်အောင် ရေပမ်းစားတဲ့ ရောဂါတွေပါ... အဲဒါတွေပြောရင်လဲ ဆရာဝန်တွေက နေကောင်းရက်နဲ့ MC လိုချင်လို့ လာမှန်း သိနေကြတော့ ကျောမလုံးပါဘူး... MC သွားယူတိုင်း အဲဒိ လိမ်ရမှာကို စဉ်းစားပြီး စိတ်လှုပ်ရှားတာလဲ MC ယူတဲ့ အခေါက်တိုင်းဖြစ်ပါတယ်... ဆေးခန်းမှာ တန်းစီပြီး ကိုယ့်အလှည့်ရောက်ဖို့ စောင့်နေတဲ့ အချိန်ထိ "ငါဘာရောဂါပြောရင်ကောင်းမလဲ... ခေါင်းကိုက်တာက ဟိုတစ်ခေါက်က ပြောပြီးလို့ ထပ်မပြောတော့ဘူး... ၀မ်းလျှောတယ်ပြောရင်ကောင်းမလား... ဘယ်နှခေါက်ဝမ်းသွားလဲ မေးရင် ဘယ်လိုဖြေရင်ကောင်းမလဲ... ရောဂါက သိပ်မပြင်းရင်လဲ MC မပေးမှာ စိုးရသေးတယ်... ရောဂါတွေ အများကြီးပြောလိုက်တော့လဲ ပိုက်ဆံအများကြီးကျမှာ စိုးရသေးတယ်..." အဲဒါတွေစဉ်းစားရတာ အတော်လေး စိတ်ဖိစီးပါတယ်... အထူးသဖြင့် ကိုယ်က ကပ်စီးနည်းတော့ ကုမ္ပဏီဆေးခန်းမှာပဲ သွားပြလေ့ရှိပါတယ် (ကုမ္ပဏီဆေးခန်းက ပိုက်ဆံပေးစရာမလိုဘူးလေ)... အဲလိုဆေးခန်းဆိုရင် ဆရာဝန်ကနည်းနည်းရစ်ချင်ပါတယ်... ပေးလဲ ၁ရက်အလွန်ဆုံးပါပဲ...

အဲလို အဲလို စိတ်လှုပ်ရှားမှုတွေနဲ့ ဟိုးတစ်လောက MC သွားယူတော့ ဖြစ်ပုံက... ကိုယ့်အလှည့်ရောက်ခါနီးထိ ဘာရောဂါပြောရမှန်းကမသိဘူး... ပြီးတော့ နှစ်ကုန်ခါနီးပြီဆိုတော့ ကိုယ်ကလဲ ကျန်နေသေးသော များပြားလှတဲ့ MC ရက်ကလေးတွေ အလဟသတ်မဖြစ်အောင် မကြာသေးခင်ကမှ MC ယူထားသေးတော့ ဆရာဝန်က ကိုယ့်ကို မှတ်မိကောင်းမှတ်မိနေမှာ... မမှတ်မိရင်တောင် ကိုယ့်ရဲ့ Medical မှတ်တမ်းစာအုပ်ထဲမှာ မှတ်တမ်းက ရှိနေတာ... ဒီကောင်မလေး အပျင်းကြီးပြီး ဆေးခွင့်ပဲလာလာယူနေတယ် ဆိုပြီး အမြင်ကပ်ပြီး မပေးမှာလဲ ကြောက်ရသေးတယ်...

ဒီလိုနဲ့ ကိုယ့်အလှည့်ရောက်တော့ ဆရာဝန်ခန်းထဲဝင် ကိုယ့်ကိုကိုယ်လဲ သိပ်ပြီး အားနည်းပျော့ချိနေတဲ့ ပုံစံလေးနဲ့ပေါ့... (အဲဒိအချိန်မှာ ကိုယ့်ကိုကိုယ် ရုပ်ရှင် သရုပ်ဆောင်နေတယ်လို့ သဘောထားလိုက်တယ်... နောက်မို့ဆို လိမ်ရတာ စိတ်မလုံဘူး... ဟတ် ဟတ်...)
ဆရာဝန်ရှေ့ရောက်တော့ စိတ်ကလဲ နည်းနည်းတော့ မလုံမလဲပါဘဲ... သိပ်ပြီး အားနည်းချင်ယောင်ဆောင်ပြီး ပြောလိုက်မိတာက...

" I am having a HEARTACHE " (ကျမ နှလုံးသားတွေ နာကျင်နေတယ်)

အမှန်တော့ ပြောချင်တာက " I am having a HEAD Ache" (ကျမ ခေါင်းကိုက်နေတယ်)

အိုက်တင်ပိုသွားတာ တစ်ခါတည်း အဓိပ္ပါယ်ပါလွဲရော (သရုပ်ဆောင်လုပ်စားရင် ရုပ်ရှင်ကားမထွက်ခင် အကယ်ဒမီရမဲ့ လူစားမျိုး ခစ်... ခစ်).. ဆရာဝန်ကလဲ သိပ်အသက်မကြီးသေးတော့ မျက်လုံးပြူးပြီး...
" HEARTACHE??? " ဆိုပြီး သူ့ ရင်ဘတ်နားကို ကိုင်ပြလိုက်တယ်...
ပါးစပ်က ထွက်သွားတည်းက မှားသွားမှန်းသိပါတယ်... ဒါပေမဲ့ ဆရာဝန်ကများ မသိချင်ယောင်ဆောင်ပေးမလားလို့ Heartache မှတော့ ဆေးရုံပဲသွားတော့မှာပေါ့... ပိန်းလိုက်တာ...
သူကအဲလိုပြောတော့မှ ကျမလဲ ရှက်လိုက်တာပြောမနေပါနဲ့... 


" No!! No !!... I mean Head Ache" လို့ ပြန်ဖြေလိုက်တာများ စောစောက ဟန်ဆောင်နေတာတွေ ပျောက်ပြီး ဒေါင် ဒေါင်ကို မြည်နေတာ ပေါ်သွားရော... (သေသာ သေလိုက်ချင်တယ်... ရှက်လိုက်တာ လွန်ရော)

မသိရင် ဆရာဝန်ကို လာပြီး ရှိတ်နေတာ ကျနေတာပဲ... သူ့ကို မြင်တော့မှ Heartache ဆို မှားထွက်ရတယ်လို့... တကယ်ပါ သူ့မြင်ရင်တော့ လိမ်ရမှာရော MC မရမှာကိုရော စိတ်ပူပြီး ရင်ခုန်တာတော့ အမှန်...

ဒီတော့ ဆရာဝန်က ပြုံးပြီး... ကိုယ့်ရဲ့ Batch ကို ကြည့်ပြီး အလုပ်အဆင်ပြေရဲ့လားတဲ့... ဟိုတစ်လောက မင်းတို့အလုပ်မှာ လူတွေ ဖြုတ်တယ်ဆိုတဲ့...

ဒါနဲ့ ကျမလဲ မထူးတော့ပါဆိုပြီး ဟန်မဆောင်တော့ပဲ ပုံမှန်ပဲ ပြောတော့တယ်...
" ဟုတ်ကဲ့... အဲဒိ လူတွေဖြုတ်လိုက်လို့ ခု ကျန်တဲ့သူတွေက အလုပ်တွေ အများကြီးလုပ်နေရတယ်... ဇာတ်တိုက်လုပ်နေရလို့ ခုလို့ ခေါင်းကိုက်သွားတာ... " လို့...

သူက " အလုပ်မှာ ပင်ပန်းလို့လား " တဲ့...

ကျမလဲ နဲနဲတော့ ပိုပြောရတာပေါ့... အရမ်းပင်ပန်းတာပေါ့... အဲဒါကြောင့် တစ်ရက်တစ်လေ နားချင်လို့လို့... ခေါင်းကလဲ နည်းနည်းကိုက်တယ်ပေါ့...

ဒီတော့ ဆရာဝန်က ပြုံးစိစိနဲ့ ဘာမှတောင် မစမ်းဘူး... MC တစ်ရက်ကောက်ပေးလိုက်တယ်... ခါတိုင်းဆို ကိုယ်လိမ်နေမှန်းသိပင်မဲ့ အာသီးလေးကြည့်... နားကျပ်လေးနဲ့ ဟိုစမ်းဒီစမ်းလုပ်သေးတယ်... ဒီနေ့တော့ Heartache ဆိုတဲ့ ရောဂါကို အတော်သဘောကျသွားတယ်ထင်တယ်... MC တန်းပေးလိုက်တယ်... အမြဲတမ်း Heartache ဆိုရင်တော့ ပေးမယ်မထင်ဘူး...

ဒါပေမဲ့ အဲနေ့ကစပြီး ဆရာဝန်ကို မျက်နှာပူလို့ ဟိုနေ့က MC ယူတာတောင် တခြားဆေးခန်းမှာ ပိုက်ဆံပေးပြီးပဲ သွားပြလိုက်တယ်... အင်း... နောက်တစ်ခါ ယူမယ်ဆိုရင်တော့ သူ့ဆီပြန်သွားလို့ ရတန်ကောင်းပါရဲ့... မေ့လောက်ရောပေါ့နော်... နောက်တစ်ခါ ဘာရောဂါပြောရင်ကောင်းပါ့... အကြံဥာဏ်လေးများပေးကြပါအုံး... MC ၂ရက်ရမဲ့ ရောဂါမျိုးဆို ပိုကောင်း... ဟတ် .. ဟတ်... ဒီဇင်ဘာဆိုရင် လူက Holiday mood ဖြစ်ပြီး အလုပ်လုပ်ချင်စိတ်ကို မရှိဖြစ်နေတာ... ခရီးသွားဖို့ပဲ စိတ်ရောက်နေတယ်...

Tuesday, November 24, 2009

SITEX 2009 IT show at EXPO

"ရှိပူရသေး... မရှိကုန်မှအေး" ဆိုတာ မဗေဒါ ပိုက်ဆံကုန်ဖို့ အကြောင်း ဇာတ်တိုက်ဖန်လာရင် စိတ်တိုတိုနဲ့ မြည်တွန်တောက်တီးတတ်တဲ့ စကားတစ်ခွန်းပါ... ပိုက်ဆံများ ကုန်မယ်ဆိုရင် အစုလိုက် အပြုံလိုက် ဇာတ်တိုက်ကို ကုန်တာပါ...
ဘာလီထဲက ပြုတ်ကျသွားလို့ Touch screen အလုပ်မလုပ်တော့တဲ့ ကျမရဲ့ ဗွီဒီယိုကင်မရာကို အပျင်းကြီးတာရော... အလုပ်ရှုပ်နေတာရောကြောင့် ပြင်ဆိုင် မပို့ဖြစ် မပို့ဖြစ်နဲ့ ဖြစ်နေတာ... ခု နောက်လထဲ ခရီးသွားစရာတစ်ခုရှိလာလို့ ဗွီဒီယိုကင်မရာလေး သွားပြင်မယ်ဆိုတော့ Service Center က ကိုယ်သွားတဲ့နေ့ကျမှ နေရာပြောင်းသွားတယ်... သူငယ်ချင်းတွေကပြောတော့လဲ အဲဒါပြင်တာက အသစ်ဝယ်တဲ့ ဈေးရဲ့ တစ်ဝက်လောက်ကျမှာတဲ့... အဲဒါတော့ သိပါတယ်... ဒါပေမဲ့ ကျန်တာအကောင်းပဲရှိသေးတော့ ကိုယ့်ကင်မရာလေး မပြစ်ရက်ဘူးလေ... ဒါပေမဲ့ အဲဒါပြင်ရင် ၁လက နေ ၃လလောက် ထိကြာမယ်ဆိုတော့ ခရီးသွားမဲ့ အချိန်ကို မမှီဘူး... မဗေဒါတို့ကလဲ ခရီးသွားလို့ ဗွီဒီယိုကင်မရာ မပါရင် ပျော်ကို မပျော်တာ... ဘာလီမှာလဲ ကင်မရာ ပျက်သွားပြီးထဲက စိတ်ထဲမှာ အောင့်သက်သက်နဲ့ လွှတ်မပျော်နိုင်ခဲ့ဘူး... ဒီလိုနဲ့ပဲ ကင်မရာ ခပ်သေးသေး အသစ်တစ်လုံး ထပ်ဝယ်လိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်... အဟောင်းကိုလဲ ပြင်မယ်ပေါ့...

IT show လေးရှိရင်ကောင်းမှာပဲလို့ တွေးနေတုံး ကံကောင်းချင်တော့ လာမဲ့ စနေနေ့ ရှိတယ်တဲ့ဗျား... ဒီလိုနဲ့ ၀ယ်တော့မယ်ပေါ့... ခုတစ်လောလဲ ရန်ကုန် ပိုက်ဆံလွှဲမယ်ကြံလိုက်ရင် ဒေါ်လာဈေးတွေက အဝေစိကျနေတော့ အတော်ညစ်တယ်... မြန်မာပြည်က မိဘမဲ့ကလေးကျောင်းဖြစ်ဖြစ်... Disable ကျောင်းဖြစ်ဖြစ် တစ်ခုခုကို လှူမလို့ဟာ... ငွေဈေးကျတော့ များများမရဘူး... ကိုယ့်စေတနာမှန်ရင် ငွေဈေးပြန်တက်ပါစေလို့တော့ ဆုတောင်းတာပဲ... (ခုတော့ နဲနဲပြန်တက်လာပြီ)...

ဒီလိုနဲ့ ပိုက်ဆံများကုန်ချင်တော့... ပျက်ဖို့ မျှော်လင့်နေတဲ့ အချိန်တော့ မပျက်ပဲနဲ့... ခု ပိုက်ပိုက်လိုနေတဲ့ အချိန်ကျမှပဲ... ဟိုနေ့က ရုပ်ရှင်ကြည့်နေတုံး ရုတ်တရက်ကြီး ကျမ ကွန်ပြူတာကြီးပိတ်သွားရော... ပြီးလဲပြီးရော ၀ါယာညှော်နံ့တွေထွက်လာပြီး နေ့ချင်းညချင်း ကွန်ပြူတာကလဲပျက်... ဒီတော့ အဲဒါကလဲ ထပ်ဝယ်ရအုံးမယ်... ကွန်ပြူတာသာ သုံးတာ ကွန်ပြူတာအကြောင်းလဲ ကိုယ်က ဒီလောက်သိတာမဟုတ်... ပြင်ရင်တော့ ရကောင်းရနိုင်ပါတယ်... IT show ရှိတယ်ဆိုတော့ အသစ်ဝယ်ဖြစ်မလားတော့ မသိဘူး... Laptop ၀ယ်ရင် ကောင်းမလား... Desktop ၀ယ်ရင်ကောင်းမလား စဉ်းစားမရဖြစ်နေတယ်... မရှိကုန်မှအေးပဲ... ၀ယ်ပြစ်မယ်... ညစ်တယ်... လိုချင်တာကတော့ Mac Book... ဒါပေမဲ့ Mac Book နဲ့ ပတ်သတ်တာလဲ ဘာမှမသိဘူး... သုံးလဲ မသုံးတတ်ဘူး... ဘာလို့လိုချင်လဲဆိုတော့ Mac Book က ဗွီဒီယိုအက်ဒစ်တင်းတို့ Graphic တို့ ကောင်းတယ်လို့ပြောကြတာပဲ... Laptop ၀ယ်လိုက်ရင် အိမ်က ရှိတဲ့ LCD monitor က အလကား အပိုဖြစ်သွားမှာလဲ စိုးတယ်... ဂီးးးးးးး.... ဘာလုပ်ရမှန်းသိတော့ဘူး...

ဒါတွေထားလိုက်ပါတော့.... IT show အကြောင်း စကားစပ်မိတော့ အားလုံးကို Info လေး ဝေမျှလိုက်ပါအုံးမယ်... လာဝယ်ကြနော်... မဗေဒါတော့ အဲကို သွားဖြစ်မှာ သေချာတယ်...

SITEX 2009
26 November 2009 - 29 November 2009

Event type : IT & Electronics
Venue : Expo Hall 5 ,6 & Foyer 2 Level 1
Admission : Public - Free Admission
Event Schedules : Time: 11am to 9pm

ရောင်းချမဲ့ လူတွေအားလုံးနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေက....

MP3/4/5, Digital Music Technology, Digital Art Technology, Automobile Electronics, Sports Electronics, IT/New Media Education, Smart Home, Animation, Camera and Camcorder, Computer and Hardware, Gaming, Home Entertainment, Mobile Communications.

Friday, November 13, 2009

Haeundae Tsunami (K-Movie)

ဒီနေ့ အပြင်သွားရင်း VCD ဆိုင်တစ်ခုမှာ ဆူနာမီအကြောင်းရိုက်ထားတဲ့ ကိုရီးယားကားပြနေတာ လူတွေအုံနေတာပဲ... ကျမလဲ ၀င်ကြည့်ဖြစ်ခဲ့တယ်... ကြည့်လိုက်တော့မှ ရုံတင်တုန်းက ကြည့်မယ်စိတ်ကူးပြီး မကြည့်ဖြစ်လိုက်တာ နာသွားတယ်... မင်းသားတွေထဲမှာ ကျမ အကြိုက်ထဲက တစ်ယောက်အပါအ၀င်ဖြစ်တဲ့ Lee Min Ki ပါနေလေရဲ့... မင်းသမီးထဲမှာတော့ Ha Ji Won ပါတယ်... သူ့ကိုလဲ ကြိုက်တယ်... သူလဲ နာမည်ရ မင်းသမီးတစ်ယောက်ပဲ... နောက်မင်းသမီးက Uhm Jung-hwa (Get Karl, Oh song Joo) ထဲက မင်းသမီးလေ... သူ့ကိုလဲ ကြိုက်တယ်... မင်းသားထဲမှာတော့ လီမင်ကီးပဲ ချောချောမောမောပါတယ်... ကျန်တဲ့မင်းသားတွေက ရုပ်ဆိုးတယ်... ဒါနဲ့ အိမ်ပြန်ရောက်တော့ အဲဒိကားကို ရှာရင် Youtube မှာ အင်္ဂလိပ်စာတမ်းထိုးနဲ့ သွားတွေ့တယ်... ဒီလိုနဲ့ ကြည့်ဖြစ်သွားတယ်...

ဒါပေမဲ့ ဇာတ်လမ်းက အစပိုင်းမှာ နဲနဲနှေးတယ်... အိပ်တောင် အိပ်ငိုက်သွားသေးတယ်... နောက် ဆူနာမီလာတော့ တချို့ effect တွေက အရမ်းသိသာလွန်းတယ်... အနောက်တိုင်း Action ကားတွေလောက်တော့ မပီပြင်ဘူး... ဒါပေမဲ့ Over All ကို ပြန်ကြည့်မယ်ဆိုရင်တော့ Entertaining တော့ဖြစ်ပါတယ်... ဘာပဲပြောပြော Asian ထဲက အဲလိုကားမျိုး ရိုက်လာတာ ဂျပန်နဲ့ ကိုရီးယားပဲရှိသေးတယ်လေ... နောက်ထပ် တိုးတက်လာမယ်လို့မျှော်လင့်ပါတယ်... Youtube က Video ကို ဒီမှာ တင်လိုက်ပါတယ်...

Spoiler... Pls select below words to read

တောက်... လီမင်ကီးသေသွားတာတော့ လုံးဝမကျေနပ်ဘူး...























Thursday, November 12, 2009

Shining Inheritance မင်းသားလေးနဲ့ Swine Flu


Shining Inheritance က မင်းသား Lee Seung-gi ကို ကြိုက်တဲ့ ပရိတ်သတ်များအတွက် စိတ်မကောင်းစရာ သတင်းတစ်ခုပြောစရာရှိပါတယ်...

အဆိုတော် ရုပ်ရှင်သရုပ်ဆောင် Lee Seung-gi ဟာ Swine flu (၀က်တုတ်ကွေး) ကြောင့် သူ့ရဲ့ Activities တွေ အကုန်လုံးကို ဖျက်သိမ်းပြစ်လိုက်ရတယ်လို့ ကြားသိရပါတယ်...

နိုဝင်ဘာ ၁၁ရက်နေ့ သတင်းဋ္ဌာနများအရ မင်းသား Lee Seung-gi ဟာ 1 night 2days ဆိုတဲ့ Variety Show ကို ရိုက်အပြီး နိုဝင်ဘာ ၇ ရက်နေ့မှာ ခေါင်းကိုက် ချောင်းဆိုးကာ အဖျားကြီးစွာတတ်ခဲ့ပါတယ်... သူ့ကို Seoul Hospital ရဲ့ အရေးပေါ်ကို တင်အပြီး နိုဝင်ဘာ ၁၀ရက်နေ့မှာ Swine flu Positive ဆိုတဲ့ အဖြေကို ရရှိခဲ့ပါတယ်...

သူပါဝင်နေတဲ့ အစီအစဉ်က ပရိုဂျူဆာတွေအားလုံးကို မင်းသားရဲ့သတင်းကို အသိပေးခဲ့ပါတယ်... 1 Night 2 Days ထုတ်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက "ဒီ အစဉ်အစီဟာ ၂ပတ်မှ ၁ခါရိုက်တာဖြစ်တဲ့အတွက်ကြောင့် နောက် ၂ပတ်ကျရင် မင်းသား ပြန်လည်နေကောင်းနိုင်မနိုင်ဆိုတာကို သေချာမသိရသေးပါဘူး" လို့ ပြောခဲ့ပါတယ်...

Lee ဟာ လတ်တလောမှာ SBS ရဲ့ Variety Program ဖြစ်တဲ့ Strong Heart ဆိုတာမှာ Co-Host အဖြစ်ပါဝင်ထားပါတယ်... ထိုရှိုး တာဝန်ခံ ဒါရိုက်တာက ဒီအပတ်အတွင်းမှာ ရိုက်ကွင်းမရှိသေးတာကြောင့် ပြဿနာကြီးကြီးမားမား မရှိလောက် ဟု ပြောကြားခဲ့ပါတယ်...

သို့သော် Lee ရဲ့ November 14 ရက်နေ့ LA, Hollywood Bowl မှာ Sohn Dam-bi နဲ့ အတူပြုလုပ်မဲ့ စတိတ်ရှိုးကို ဖျက်ပစ်လိုက်ရကြောင်း သိရှိရပါတယ်... ထို ရှိုးအတွက် Lee ဟာ နိုဝင်ဘာ ၁၂ ရက်နေ့မှာ LA ကို သွားရန် စီစဉ်ထားပြီးမှ ဖျက်သိမ်းလိုက်ရကြောင်း စိတ်မကောင်းစွာသိရှိရပါတယ်... သူ့ရဲ့ Management ဆုံးဖြတ်ချက်အရ လတ်တလော အခြေအနေမှာ သူ့ကို လူအများနဲ့ ပတ်သတ်တွေ့ကြုံရမဲ့ နေရာတွေကနေ ဝေးဝေးထားခြင်းသည် အကောင်းဆုံးဖြစ်သဖြင့် ဘယ်ခရီးစဉ်မှကို သွားမည်မဟုတ်ကြောင်း ကြေငြာခဲ့ပါသည်...

News Source and Photo From
: http://www.dramabeans.com/

စာကြွင်း : Shining Inheritance က မင်းသားလေးကို ကြိုက်တယ်လို့ ပြောသွားတဲ့ :) သူ့အတွက် သတင်းကို တွေ့လို ပြန်လည်ဝေမျှလိုက်တာပါ... စိတ်မကောင်းစရာပါပဲ...

Monday, November 09, 2009

Tokyo Disney Sea 3 (သို့) ဂျပန်ခရီးစဉ် Day 4

ဂျပန်သွားခဲ့တာလဲ ခုဆို တစ်နှစ်ကျော်နေပြီ ခုထက်ထိ ဒီ ဒုတိယမြောက်နေ့ ဒစ်စနေစီးက မတက်သေးဘူး... အရင်ပိုစ့်မှာတုန်းက အရမ်းကို သတိရစရာတွေများပြီး ရေးလိုက်တာ အသေးစိတ်ဖြစ်ပြီး လက်လွန်သွားတယ်... ခု ဒီပိုစ့်မှာတော့ အမြန်ရေးလိုက်ပြီး ဒစ်စနေစီးကို အပြီးသတ်ချင်နေပြီ... ဒါမှ နောက်ရက်တွေ အကြောင်းကို မြန်မြန်ရေးလို့ရမည်...

ဒစ်စနေစီး အကြောင်း အပိုင်း ၁ (ဗွီဒီယိုနှင့်တကွ) နှင့် အပိုင်း ၂ ကို စိတ်ဝင်စားလျှင် ကလစ်နှိပ်ပြီး သွားဖတ်ကြည့်နိုင်သည်...

Journey to the center of the Earth ကို စီးအပြီး ကျမတို့ သူငယ်ချင်း ၂ယောက် ဒစ်စနေစီး အနောက်ဘက်ပိုင်းရှိ Indiana Jone နဲ့ Lost River delta ဆိုတဲ့ ရှေးခေတ် ပစ်ရမစ်ပုံဆောက်ထားတဲ့နေရာကို ဆက်သွားစီးကြတယ်... Indiana Jone မှာ တန်းစီလိုက်ရတာနဲ့ စီးပြီး အပြင်ပြန်ထွက်လာတော့ ညမှောင်နေပြီ... ဂျပန်က မိုးချုပ်တာ အရမ်းမြန်တာပဲ... မဗေဒါသွားတဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလောက်က ညနေ ၅နာရီခွဲလောက်ဆို စကာင်္ပူရဲ့ ၇နာရီလောက်ရှိတယ် မှောင်တာ... Indiana Jone က ရုပ်ရှင်ထဲက ကားပုံစံကြီးအတိုင်းစီးရတယ်... အထဲမှာ ပြင်ထားတာတွေရော စီးရင်းနဲ့ ရတဲ့ ခံစားမှုရော... တီးလုံးတွေရောကတော့ ဘေးမှာ ဟယ်ရစင် ဖို့စ် ရောက်နေတဲ့အတိုင်းပဲ.. ဟဲ.. ဟဲ...




အပြင်ပြန်ထွက်လာတော့ သူများတွေစားတဲ့ ဘာမုန့်မှန်းတော့မသိဘူး.. လှည်းလေးနဲ့ရောင်းတယ်... စားကောင်းမဲ့ပုံပဲ ဗိုက်လဲဆာနေတာနဲ့ ၀ယ်စားလိုက်တယ်.. hot dog လိုပုံမျိုးကို အပြင်က ပေါင်မုန့်မဟုတ်ပဲ မုန့်နှစ်တစ်မျိုးနဲ့ လိပ်ထားတာ... အဲဒါကလဲ ဈေးအတော်ကြီးသဗျိုး... ဘယ်လောက်လဲတော့ မမှတ်မိတော့ဘူး... ဈေးကြီးတာပဲ မှတ်မိတယ်.... နောက်ပြီး ဘေးက ပစ်ရမစ်ပုံဟောင်းကြီးလိုမျိုး ဆောက်ထားတဲ့ နေရာ လူရိုင်းတွေ ကျေးရွာလိုပဲ မီးတွေလဲတောက်နေတယ်... အဲဒိမှာ ဘာမှန်းမသိပင်မဲ့ သွားတန်းစီလိုက်တယ်... အဲဒါကတော့ ရိုးရိုး roller coaster ပါပဲ... အရမ်းတော့ မထူးဆန်းဘူး... ဒါပေမဲ့ စိတ်လှုပ်ရှားဖို့တော့ ကောင်းပါတယ်...

ဒီလိုနဲ့ လာလမ်းအတိုင်း ဖြည်းဖြည်းချင်းပြန်လျှောက်ပြီး လမ်းမှာ လက်ဆောင်ပစ္စည်းရောင်းတဲ့ ဆိုင်လေးတွေကို ဟိုငေးဒီငေးပေါ့... ဈေးတွေကတော့ လန်ထွက်နေတယ်... ဟန်းဖုန်းချိတ်တာမျိုးလေးကိုတောင် ဂျပန် ယန်း ၃၀၀၀ လောက်ရှိတယ်... စကာင်္ပူ ၄၅ ဒေါ်လာလောက်သွားကျတယ်... သူငယ်ချင်း ၂ယောက်လုံးကလဲ ကပ်စေးနဲဆိုတော့ ဘာမှကို မ၀ယ်ဘူး... ဒီလိုနဲ့ မစီးဖြစ်ခဲ့လိုက်တဲ့... Port discovery ဆိုတဲ့ နေရာ သိပ္ပံစခန်းလိုဆောက်ထားတဲ့ နေရာကို ပြန်သွားပြီး တန်းစီလိုက်တယ်... အဲဒါ စီးဖို့ကံမပါတော့ တန်းစီနေတုန်းပဲ ရှိသေးတယ် မိုးကရွာပါလေရော... အစကတော့ ဖွဲဖွဲလေးမို့လို့ ၂ယောက်သား ပေပြီး ရပ်နေသေးတယ်... နောက်တော့ နဲနဲသဲလာတော့ ပလပ်စတစ်တွေ ခေါင်းစွတ်ပြီးရပ်တယ်... ဒါပေမဲ့ ရာသီဥတုကအေးပြီး မိုးက ပိုသဲလာတော့ မနေနိုင်တော့ပဲ တန်းစီရာက ထွက်ပြီး အမိုးအောက်မှာ ဖုန်းရုံလေးနားမှာ မိုးသွားခိုရင် စကားအေးဆေးထိုင်ပြောဖြစ်ကြတယ်... မိုးကတော်တော်နဲ့ တိတ်မဲ့ပုံမပေါက်တာနဲ့ နဲနဲ စဲလာတော့... အနားမှာရှိတဲ့ လက်ဆောင်ပစ္စည်းဆိုင်ကို ပြေးပြီး ထီးဝယ်ဖြစ်ခဲ့တယ်... လက်ဆောင်ပစ္စည်း ၀ယ်ဖို့ကံပါချင်တော့ အဲလိုဖန်လာတာ... ထီးကို ရိုးရိုး ခေါက်ထီးလှလှလေးတွေမ၀ယ်ပဲ အမှတ်တရအနေနဲ့ ဒစ်စနေလမ်း တံဆိပ်ပါတဲ့ ထီးခေါက်ကြီးတွေပဲ ၀ယ်လိုက်တယ်... အဲဒါက ယမ်း ၁၀၀၀ လား ၁၅၀၀ လားမသိဘူး ကျတယ်... စကာင်္ပူ ဒေါ်လာ ၁၅ကျပ်လောက်ရှိတယ်... ထီးခေါက်ကို အဲလောက်ပေးရတာတော့ ဈေးကြီးတယ်ထင်တာပဲ... ဒါပေမဲ့လဲ ဒစ်စနေလမ်းတံဆိပ်ဆိုတော့ အမှတ်တရပေါ့လေဆိုပြီး ကပ်စီးနဲသူငယ်ချင်း ၂ယောက် ၁ယောက်တစ်ချောင်း လက်ဆောင်ပစ္စည်းဝယ်ရင်း ဆိုင်ထဲမှာ ဟိုကြည့်ဒီကြည့်လုပ်ပြီး အားရတော့ ဆိုင်ပြင်လဲထွက်လိုက်ရော မိုးကတိတ်နေပြီ... စီးတဲ့ စက်တွေကလဲ ရပ်နေပြီ... ဒီလိုနဲ့ ပန်းခြံအ၀င်ဝဘက်ကိုပဲ ပြန်လျှောက်လာကြတယ်...

ဘာမှ စီးစရာမကျန်တော့ပင်မဲ့ ပန်းခြံထဲက မြစ်ကိုပတ်တဲ့ လှေရှိသေးတာနဲ့ ၀င်စီးပြီး ပန်းခြံတစ်ပတ်ပတ်လိုက်သေးတယ်... ဟဲ... ဟဲ... ပြီးတော့ Columbia သဘောင်္ကြီးပေါ်တက်ကြည့်ပြီး ဓာတ်ပုံရိုက် ဟိုကြည့်ဒီကြည့်ပေါ့... အဲပေါ်မှာတော့ ဘာမှ ထွေထွေထူးထူးမရှိပါဘူး.. တကယ့်သဘောင်္ပုံစံအတိုင်းဆောက်ထားပြီးတော့ နေ့ဘက်ဆိုရင်တော့ ဓာတ်ပုံရိုက်ကောင်းမယ်ထင်တယ်... နောက်ပြီး စားသောက်ဆိုင်တွေများတယ်...

အဲဒိ သဘောင်္ပေါ်က ပြန်ဆင်းလာတော့ မထင်မှတ်ထားပဲ... မီးရှူးမီးပန်းတွေဖောက်တာကို သူငယ်ချင်း ၂ယောက် အတူတူ ခံစားခဲ့သေးတယ်... ကောင်းကင်ပေါ်မှာ လှသလားမမေးနဲ့ လူကလဲ ရှင်းစပြုနေပြီလေ... အကြာကြီးပဲ... နောက်ပြီး ပြန်ခါနီးလေးမှာမှ သရဲအိမ်က ဖွင့်သေးတယ်ဆိုလို့ နောက်တစ်ကြိမ်ထပ်စီးလိုက်သေးတယ်... ဟဲ... ဟဲ...

ဘယ်လိုပဲဖြစ်ဖြစ် အဲဒိ နေ့လေးဟာ ကျမနဲ့ သူမ သူငယ်ချင်းသက်တမ်းတစ်လျှောက် ရှိခဲ့ဖူးသမျှ အမှတ်တရတွေထဲမှာ လွတ်လပ်မှု စည်းလုံးမှု စိတ်တူကိုယ်တူရှိခဲ့တဲ့ အထင်ကရ နေ့လေး အနေနဲ့ ကျမရော သူမပါ အမှတ်ရနေမှာ အမှန်ပါပဲ...

Sunday, November 08, 2009

သက်ဆိုင်သူသို့

တိုးတိုးအာလူးကြော် ထုတ်လုပ် ဖြန့်ချိမှုနှင့် သက်ဆိုင်သူများရှင့်/

အကြောင်းအရာ။ ။ တိုးတိုးအာလူးကြော် အရည်အသွေးနှင့် အရည်အတွက်များ ကျဆင်းမှုကို ပြုပြင်စေလို...

ကျမဟာ တိုးတိုးအားလူးကြော်ကို တစ်ထုတ်လျှင် မြန်မာငွေ ၇ ကျပ်ပေးရတဲ့ အချိန်ထဲက... တစ်ရက်လျှင် မုန့်ဖိုး ၅ ကျပ်သာ ရခဲ့သော်လည်း... ၁ရက်ကို တခြားဘာမုန့်မှ မစားပဲ ၂ရက်စာမုန့်ဖိုးနဲ့ စုပြီး အားပေးခဲ့တဲ့ ပရိတ်သတ်တစ်ဦးပါ... ထိုအချိန်က တိုးတိုးအားလူးကြော်ဟာဆိုရင် ပလတ်စတစ် အကြည်ထုတ်လေးထဲမှာ ပြည့်ကျပ်နေအောင်ထည့်ထားပြီး တစ်ထုတ်စားလိုက်လျှင်ပဲ ကျမအတွက် လိုချင်တဲ့ အရသာထိမိပြီး အာသာပြေလှပါတဲ့အတွက် ၂ရက်မှ ၁ခါ စားရကျိုးနပ်ပါပေတယ်... အိမ်မှ ထမင်းဟင်းမကောင်းဘူးဆိုရင်လဲ တစ်ခြားဟင်းဆိုရင်သာ ဂျီးများခဲ့ပင်မဲ့ မေမေက လမ်းထိပ်က ကုလားပဲဟင်းနဲ့ တိုးတိုးအာလူးကြော်ဝယ်ပေးလိုက်ရင် ကျမအတွက် ထမင်းမိန်စေခဲ့တာ အမှန်ပါပဲ...

မုန့်ဆိုင်ရောက်ရင် တခြားဟာဝယ်ဖို့တွေဝေပင်မဲ့ တိုးတိုးအာလူးကြော်မပါတဲ့ အခေါက်တော့ မရှိပါဘူး... ဒီလိုအားပေးလာခဲ့တာ တိုးတိုးအာလူးကြော်ဟာ ၇ကျပ်ကနေ ၁၀ကျပ်... ၁၀ ကျပ်က နေ ၁၅ကျပ်... ၁၅ ကျပ်ကနေ ၂၅ကျပ်... (ယခု မြန်မာပြည်တွင် တိုးတိုးအာလူးကြော် တစ်ထုတ် ဘယ်လောက်လဲမသိတော့ပါ... နောက်ဆုံး ရန်ကုန်ပြန်တုန်းကတော့ ၁၀၀ လား ၁၅၀လားရှိပါတယ်) ကျမအသက်ကြီးလာတာနဲ့ အမျှ တိုးလာတဲ့ ကျမရဲ့ မုန့်ဖိုးတွေကလဲ တိုးတိုးအာလူးကြော်ရဲ့ တိုးလာတဲ့ ဈေးနှုန်းကြောင့် ကုန်နေခဲ့တာ အမှန်ပါ... သို့သော် ကျမတစ်စက်လေးမှ မညဉ်းမငြူ ဖြတ်တောက်မပြစ်ပဲ စားသုံးခဲ့ပါတယ်...

ယခင်က တိုးတိုးအာလူးကြော်ဟာဆိုလျှင် လတ်ဆတ်ပြီးအနာအဆာကင်းတဲ့ အာလူး ကြွတ်ရွရွရယ်... တစ်ထုတ်မှာ ၁ခုပဲ အမြဲပါတတ်တဲ့ ကြက်သွန်ကြော်မွှေးမွှေးလေးရယ်... ၁ထုတ်ဆိုလျှင်ဆိုသလို အာသာပြေလောက်တဲ့ အရည်အတွက်ပါရှိတဲ့အတွက် ဒီအာလူးကြော်ကို ထုတ်လုပ်တဲ့ လူကြီးမင်းတို့ရဲ့ စေတနာကို စားသုံးသူတစ်ယောက်အနေနဲ့ အာလူးကြော် အဖတ်တိုင်း.. ငရုတ်သီးအဖတ်တိုင်း... ကြက်သွန်ကြော်မွှေးလေး တစ်ဥတိုင်းမှာ ခံစားလို့ရပါတယ်...
စားသောက်ကုန်ထုတ်လုပ်သူများဟာ တစ်ခြားအရာထုတ်လုပ်သူတွေထက် တစ်ချက်သာတာက စားသုံးသူအပေါ်ထားရှိတဲ့ စေတနာပါ... စေတနာအပြည့်နဲ့ချက်တဲ့ မိခင်လက်ရာကို ဘယ်ကမ္ဘာကြော်စားဖိုမှူးမှ အံမတုနိုင်တာဟာ အစားအသောက်ချက်တဲ့သူရဲ့ စေတနာဟာ စားသုံးသူအပေါ် ဘယ်လောက်သက်ရောက်တယ်ဆိုတဲ့ အကောင်းဆုံးဥပမာပါပဲ...

သို့သော် ယခုအခါမှာ တိုးတိုးအာလူးကြော်ဟာ ယခင်နဲ့မတူပဲ အရည်အသွေးရော အရေအတွက်ပါ လျော့ကျလာတာတွေ့ရပါတယ်... အရေအတွက်ဆိုရာမှာ ထုတ်လုပ်မှု အရေအတွက်မဟုတ်ပဲ အထုတ်တစ်ထုတ်မှာ ပါဝင်မှုအရည်အတွက်ကို ဆိုလိုပါတယ်... အာလူးကြော်တစ်ထုတ် ၂၅ကျပ်ဖြစ်တဲ့အချိန် (ကျမစိတ်ထင် ၂၀၀၀ခုနှစ်နောက်ပိုင်း) မှာ အားလူကြော်ထုတ်ပိုးမှုကို နိုင်ငံခြားအဆင့်မှီအောင် ယခုကဲ့သို့စတင်ထုတ်ပိုးခဲ့တာကို သတိထားမိခဲ့ပါတယ်... ကိုယ်စားနေကျ အာလူးကြော်တံဆိပ်လေး အဆင့်မှီထုတ်ပိုးလာတဲ့အတွက် ကျမ ထိုအချိန်က ၀မ်းသာပီတိဖြစ်ခဲ့ပါတယ်... ထို့အတွက်ကြောင့် ၂၅ကျပ်ဖြစ်သွားတာကိုလဲ မညဉ်းငြူခဲ့ပါဘူး... သို့သော် ထို ထုတ်ပိုးမှုပုံစံကို ပြောင်းပြီးနောက်ပိုင်းမှာတော့ အတွင်းပိုင်းကို မမြင်ရတာတစ်ကြောင်း လေထိုးပြီး အထုတ်ကြီးဖောင်းနေတဲ့အတွက် တစ်ကြောင်း အတွင်းပိုင်းမှ အာလူးကြော် ပါဝင်မှု အရည်အတွက်ကို ခိုသထက်ခိုလာပါတယ်... ဒီလိုဖြစ်လာတာကို ကျမလို အစဉ်အမြဲ စားသုံးသူတစ်ယောက် အနေနဲ့ ချက်ချင်း သတိထားမိသော်ညား ဆက်လက် သည်းခံကာ စားသုံးခဲ့ပါသေးတယ်...

သို့သော် ယခုအခါမှာတော့ တိုးတိုးအာလူးကြော်ထုတ်လုပ်သူရဲ့ စေတနာကို လုံးဝ လုံးဝ ခံစားလို့မရတော့တဲ့အပြင်... စားသုံးသူတွေကို တဖြည်းဖြည်းနဲ့ စော်ကားလာတယ်ဆိုတာ သတိပြုမိလာပါတယ်... စကာင်္ပူကို ရောက်တော့ ယခင် မြန်မာပလာဇာမှာ မရောင်းခင်တုန်းက အိမ်ကို အမြဲ လူကြုံနဲ့ ထည့်ခိုင်းပြီးစားပါတယ်... ယခု ပင်နီဇူလာပလာဇာမှာ ၁ထုတ်ကို စကာင်္ပူ ပြား ၅၀ (မြန်မာငွေ ၃၆၅ကျပ် တန်ဖိုးရှိ) နဲ့ ၀ယ်စားပါတယ်... လေယာဉ်ပျံတွေ သဘောင်္တွေစီးလာတဲ့ အာလူးကြော်မို့ ပြား ၅၀ဆိုတာကို လက်ခံနိုင်ပါတယ်... (ဟိုတစ်လောက ဆိုင်၁ဆိုင်မှာ ၁ကျပ်နဲ့ ရောင်းလို့ ၀ယ်မစားခဲ့ပါဘူး...)

ယခုတိုးတိုးအာလူးကြော်ရဲ့ အရည်အသွေးဟာ မကောင်း မလတ်ဆတ် အနာအဆာပါသော အာလူးများကို အသုံးပြု၍လားမသိ အာလူးတွေဟာ ပဲ့ရွဲ့နေတာပါပဲ... ဒါကလဲ အာလူးအကြေကြော်မို့ လက်ခံလို့ရတယ်ထားအုံး... မဲတူးပြီး အာလူးကြော်အတူးတွေ ဖြစ်လာတာကတော့ သည်းခံနိုင်တဲ့ အတိုင်းအတာကို လွန်လာပါတယ်... ယခင်က ကျမအကြိုက်ဆုံး ၁ထုတ်လုံးမှာ ၁ဥပဲပါတတ်တဲ့ ကြက်သွန်ကြော်လေးဟာလဲ ဘယ်ဘ၀ ဘယ်ဋ္ဌာနီကိုပြောင်းပြီး တိုးတိုးအာလူးကြော်မှာ အရင်က ကြက်သွန်ကြော်ပါပါတယ်ဆိုတာ ကျိမ်ပြောရင်တောင် ယုံကြမှာမဟုတ်တော့ပါဘူး...

အဆိုးဆုံးကတော့ အထုတ်တစ်ထုတ်မှာ ပါဝင်တဲ့ ပမာဏက ယခင်ရဲ့ ၃ပုံ ၁ပုံနီးပါးလောက်လေးသာရှိတော့တာပါ... ယခင်က ၁ထုတ်စားလိုက်ရင် တင်းတိမ်သွားပင်မဲ့... ခုမှတော့ အာလူးကြော် ၁ထုတ်စားပြီးတာတောင် ဘယ်လိုကုန်သွားမှန်းမသိလို့ အထုတ်များပေါက်နေသလားလို့ ပြန်ကြည့်ရတဲ့ အဖြစ်ကိုရောက်နေပါတယ်... အထုတ်ကြီး ကြီးနေလို့ စားသုံးသူက သတိမပြုနိုင်လောက်ဖူးမထင်ပါနဲ့... စားသုံးသူတွေက ငတုံးမဟုတ်ပါဘူး...

ထို့အတွက် အကြံပေးလိုတာက ယခင်လိုသာ စေတနာရှေ့ထားပြီးထုတ်လုပ်ပေးမယ်ဆိုရင် ကိုယ့်စေတနာ အကျိုးပေးပြီး ဒိထက်အောင်မြင် ချမ်းသာမှာပါ... သို့သော် ယခုအတိုင်းဆက်လက်ထုတ်လုပ်နေမည် ဆိုပါက ကျမကဲ့သို့ အစဉ်အမြဲအားပေးနေသော ပရိတ်သတ်များကို မျက်လုံးထဲမထား စော်ကားသည်ဟု ခံစားရသဖြင့်... တိုးတိုးအာလူးကြော် သုံးစွဲမှုကို ဖြတ်တောက်သင့် ဖြတ်တောက်ပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်...

လူ ၁ ယောက်မစားလို့ သင်တို့ စီးပွားရေ မထိခိုက်နိုင်ပါဘူးဆိုပြီး မထိမဲ့ပြုံး မပြုံးပါနဲ့... ကျမပြောခဲ့ သလို စားသောက်ကုန်ဟာ စေတနာပေါ်အဓိက အရင်းတည်တဲ့ လုပ်ငန်းဖြစ်တဲ့အတွက် စေတနာအကျိုးပေးပါလိမ့်မယ်... ကျမ မစားတော့ဘူးဟု ဆုံးဖြတ်သော်ငြား သင်တို့ စီးပွားရေးကို ထောက်ငံ့သောအားဖြင့် ကျမသူငယ်ချင်းများထဲတွင် စားသုံးသူရှိပါက တားမြစ်မည်တော့ မဟုတ်ကြောင်းကို စိတ်အေးစေလိုပါတယ်... သို့သော် ထိုစားသုံးသူများလည်း သင်တို့၏ စေတနာမပါရှိပဲ အမြတ်သက်သက်သာ ထုတ်လုပ်နေသော ဟန်သာရှိပြီး အဆန်မရှိတဲ့ တိုးတိုးအာလူးကြော်ကို ကျမပြောစရာမလိုပဲ သူ့တို့ဘာသာလျှင် ဆက်လက်သုံးစွဲတော့မည် မဟုတ်ကြောင်းကို သေချာတပ်အပ် သိနှင့်ပြီးသားဖြစ်ပါတယ်... အဘယ့်ကြောင့်ဆိုသော် ကျမပတ်ဝန်းကျင်တွင် တိုးတိုးအာလူးကြော် အရည်အသွေးကျမှုကို ကျမလောက် သည်းခံပြီး စားသုံးနေသူ တစ်ဦးမှ မရှိတော့ပါ... ကျမသာလျှင် ငယ်ငယ်ထဲက စားခဲ့သော... ကျမအတွက် အာလူးကြော်သက်သက်တင်မဟုတ်ပဲ အမှတ်တရ အဖြစ်အပျက်လေးတွေပါ ရှိခဲ့ဖူးသော တိုးတိုးအာလူးကြော်ကို ယခုထိစားသုံးခဲ့တာပါ...

ယခုလို စားသုံးမှုကို ဖြတ်တောက်ဖို့ ဆုံးဖြတ်ခြင်းဟာ အနှစ်နှစ်အလလ ချစ်ရတဲ့ ချစ်သူက အရောင်ပြောင်းသွားလို့ မသင့်တော်တော့ဟု ဆုံးဖြတ်လိုက်ရတဲ့ နာနာကျင်ကျင် ဆုံးဖြတ်မှုဖြစ်ပါတယ်... အကယ်၍ တိုးတိုးအာလူးကြော် အရည်အသွေးနဲ့ အရည်အတွက်ကို ပြန်လည် ပြင်ဆင်နိုင်မယ်ဆိုရင်ဖြင့် ကျမဘက်ကလဲ မှားခဲ့တာတွေကို ခွင့်လွှတ်ကာ ဒုတိယအကြိမ် အခွင့်အရေးပေးမည်ဖြစ်ပါတယ်... တိုးတိုးအာလူးကြော် အရည်အတွက် တိုးမတိုးကို ပင်နီဇူလာပလာဇာရောက်တိုင်း ဆိုင်ပေါ်က အထုတ်တွေကို လက်နဲ့ ချိန်ဆကြည့်ပြီး စောင့်ကြည့်နေမည်ဖြစ်ပါတယ်...

ပုံ/
တိုးတိုးအာလူးကြော်ကို စားသုံးခဲ့ဖူးသူ တစ်ဖြစ်လဲ မဗေဒါ

(PS... ဒီနေ့ တိုးတိုးအာလူးကြော်ဝယ်စားရင်း မခံရပ်နိုင်လွန်း၍ ဒီပေါ်မှာ ပေါက်ကွဲလိုက်ပါတယ် (နောက်ဝယ်မစားတော့ပါ)... အကယ်၍များ ဒီပိုစ့်ကို မတော်တဆ တမင်တကာ တိုးတိုးအာလူးကြော်ပိုင်ရှင် မြင်၍ အရည်အသွေး အရေအတွက်ကို ပြုပြင်မည်ဆိုလျှင် အတိုင်းထက်အလွန် ၀မ်းသာမိမည်ဖြစ်ကြောင်း)